ဦးဦးကာဒိုကို ချစ်လား

Posted on - Jan 13 []

Moon Moon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ ဒီတစ်ခါတော့ မြန်မာပရိသတ်ကြီးက လက်ရှိမှာ ကာဒိုလို့ခေါ်နေကြတဲ့ ဖိလစ်ပိုင်ထိပ်တန်းမင်းသား Coco Martin ရဲ့ကိုယ်ရေးကိုယ်တာလေးတွေကို မိတ်ဆက်လိုက်ရအောင်နော်။ သူက ဖိလစ်ပိုင်ရဲ့တကယ့်နာမည်ကြီးထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းစတင်ကာ အနုပညာလောကထဲကိုရောက်ရှိလာပြီး ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေကိုရိုက်ကူး နေသူတစ်ဦးပါ။ ရုပ်သံဇာတ်လမ်းတွဲတွေမှာတော့ ၂၀၀၇ ခုနှစ်ကမှ စတင်ပါဝင်ခဲ့တာပါ။

အချိန်ခဏလေးအတွင်းမှာပဲ အောင်မြင်ကျော်ကြားလာခဲ့တဲ့သူဟာ အခုဆိုရင် ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီးမင်းသားစာရင်းမှာလည်း ထိပ်ဆုံးကနေ ပါဝင်နေတာပါ။ အနုပညာကိုချစ်မြတ်နိုးသလို ပရိသတ်တွေကိုလည်း လေးစားတန်ဖိုးထားတဲ့သူ့ကို ပရိသတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကလည်း ချစ်ခင်ကြတာတွေ့ရပါတယ်။ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် ဇာတ်ကား ၃၄ ကားနဲ့ မြန်မာပရိသတ်တွေကာဒိုအဖြစ်သိထားကြတဲ့ ညီအစ်ကိုရုပ်သံဇာတ်လမ်းတွဲအပါအ၀င် ရုပ်သံဇာတ်လမ်းတွဲ ၂၈ ခုမှာပါဝင်ထားပြီးဖြစ်ပါတယ်။ နောက်ပြီးသူ့ရဲ့ နောက်ထပ်ခြေလှမ်းအဖြစ် ၂၀၁၇ ခုနှစ်ကစတင်ပြီး ဒါရိုက်တာတစ်ဦးအဖြစ်ပါ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေပြီလည်းဖြစ်ပါတယ်။

သူဟာ ဖိလစ်ပိုင်ရဲ့ထိပ်တန်းမင်းသား၊ ပရိသတ်တွေရဲ့ အနှစ်သက်ဆုံးဖိလစ်ပိုင်မင်းသား၊ အာရှမှာလည်းကျော်ကြားတဲ့မင်းသားတစ်လက်ဖြစ်လာတာလည်း မဆန်းပါဘူး။ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကလည်း နည်းတာမှမဟုတ်တာ။ နောက်ပြီး ၂၀၀၆ ခုနှစ်ကစတင်ပြီး ထူးချွန်ဆုတွေရရှိလာလိုက်တာ လက်ရှိအချိန်အထိ ထူးချွန်ဆု ၉၀ ကျော်ကိုသူဟာလက်ဝယ်ပိုင်ဆိုင်ထားပြီးပါပြီ။ ထူးချွန်ဆုစာရင်းမှာလည်း အကြိမ် ၁၀၀ ကျော်ပါဝင်ခဲ့တာပါ။ ထိပ်တန်းမင်းသားတစ်ဦးအဖြစ် သတ်မှတ်ခံရတယ်ဆိုတာလည်း သူကကျရာဇာတ်ရုပ်ကနေ ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်နိုင်တာကြောင့်ပါ။ ကာဒိုဇာတ်လမ်းထဲမှာ မိန်းမလျာပုံစံအဖြစ်သူသရုပ်ဆောင်သလို သူ့ရဲ့မိန်းမလျာပုံစံသရုပ်ဆောင်မှုတွေအားလုံးမှာလည်း တကယ့်မိန်းမချောလေး တစ်ဦးရဲ့အတိုင်း အသံနေအသံထားကအစသရုပ်ဆောင်နိုင်တဲ့ တကယ့်ကိုတော်တဲ့မင်းသားတစ်လက်ပါ။

သူ့ရဲ့ကိုယ်ရေးကိုယ်တာ

မိုမိုလေးပရိသတ်ကြီးရေ ပရိသတ်ကြီးသိချင်နေမယ့်အချစ်ရေးနဲ့အရင်စလိုက်မယ်နော်။ သူ့မှာချစ်သူရယ်လို့မရှီပေမယ့် Julia Montes ဆိုသူနဲ့တော့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိခဲ့ဖူးပါတယ်တဲ့။ ဒါပေမယ့်လည်း အဲ့ဒါကလည်း ပြီးခဲ့တဲ့နှစ်ထဲမှာ ရပ်ဆိုင်းသွားခဲ့တယ်လို့ဆိုပါတယ်။ နောက်ပြီး သူ့မှာ Coleen လို့ခေါ်တဲ့သမီးလေးတစ်ဦး ရှိတယ်ဆိုတဲ့သတင်းတွေတော့ထွက်ပေါ်နေပါတယ်။ တချို့တွေကတော့ ဒီကလေးဟာ သူ့ရဲ့မွေးစားကလေးပါလို့လည်းပြောဆိုမမှုရှိခဲ့တာပါ။ သူက ၁၉၈၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ မွေးဖွားသူတစ်ဦးပါ။ သူ့ကိုဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ ဘုရင်တစ်ပါးအနေနဲ့တောင်တင်စားကြတာပါ။

မိုမိုလေးပရိသတ်ကြီးရေ အခုကာဒိုအဖြစ် မြန်မာပရိသတ်တွေရဲ့ အသဲစွဲ ဖိလစ်ပိုင်မင်းသား Coco Martin တစ်ယောက် အဲ့ဒီညီအစ်ကိုဇာတ်လမ်းတွဲကို ၂၀၁၅ ခုနှစ်ကတည်းက ရိုက်ကူးနေရတာပါ။ လက်ရှိအချိန်အထိလည်း ဒီဇာတ်လမ်းတွဲက ဖိလစ်ပိုင်မှာရိုက်ကူးပြသလို့မပြီးသေးပါဘူး။ နောက်ပိုင်းဇာတ်ဝင်ခန်းတွေမှာလည်း ကာဒိုတစ်ယောက် ဖမ်းဆီးနှိပ်စက်ခံရမှုတွေနဲ့အတူ ဒုက္ခတွေအကြိမ်ကြိမ်ရောက်ရဦးမှာပါ။ ဒီဇာတ်လမ်းလေးက တကယ့်အပြင်လောကနဲ့ထင်ဟပ်ပြနေတဲ့ ၀န်ထမ်းတွေ၊ ထိပ်တန်းအရာရှိတွေကြားထဲက မသမာမှုတွေအခြေအနေတွေကို ဖွင့်ထုတ်ပြနေတဲ့ အက်ရှင်ဇာတ်လမ်းကောင်းတစ်ခုပဲမဟုတ်လား။ နောက်ပိုင်းမှာလည်း ကာဒိုရဲ့သရုပ်ဆောင်ကွက်တွေ ဘယ်လိုပီပြင်တယ်ဆိုတာ မိုမိုလေးပရိသတ်ကြီးက စောင့်မျှော်အားပေးလိုက်ပါဦးနော်။

#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။