မင်္ဂလာပွဲ သုံးပွဲလုပ်ချင်ပါတယ်ဆိုတဲ့ Paris Hilton

Posted on - Jan 12 []

Moon Moon

စာရေးသူ

မကြာသေးမီက ချစ်သူနဲ့စေ့စပ်လိုက်ပြီး ဒီနှစ်ထဲမှာပဲ မင်္ဂလာဆောင်တော့မယ့် နာမည်ကျော် Paris Hilton တစ်ယောက် သူမရဲ့ မင်္ဂလာဆောင်ကို ပွဲသုံးပွဲပြုလုပ်ချင်ပါတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ သူမက ချစ်သူ Chris Zylka နဲ့ပြီးခဲ့တဲ့သီတင်းပတ်က စေ့စပ်လိုက်တာဖြစ်ပြီး ဒီဇင်ဘာပိတ်ရက်တွေတုန်းကတည်းက နှစ်ဦးအတူ အပျော်ခရီးတွေထွက်နေခဲ့တာပါ။ မင်္ဂလာဆောင်ကိုတော့ သူတို့နှစ်ဦးက လာမယ့် နိုဝင်ဘာလထဲမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာတောင်ပတ်ချင်သေးတာနော်

သူမမျှော်လင့်တဲ့ မင်္ဂလာပွဲသုံးကြိမ်ဆိုတာက သာမန်တော့မဟုတ်ဘူးနော်။ သူများတွေ မင်္ဂလာဆောင်တစ်ပွဲ၊ ညစာစားပွဲတစ်ပွဲ၊ လက်မှတ်ထိုးပွဲတစ်ပွဲဆိုတဲ့ မင်္ဂလာပွဲသုံးကြိမ်ဟုတ်ဘဲ Paris ရဲ့သဘောထားကတော့ ကမ္ဘာအနှံ့နေရာသုံးနေရာမှာ မင်္ဂလာပွဲဆင်နွှဲချင်တာပါတဲ့။ သူမအပြောအရတော့ ဥရောပမှာတစ်ကြိမ်၊ အမေရိကန်မှာတစ်ကြိမ်နဲ့ ကမ္ဘာပေါ်က နောက်ထပ်နာမည်ကြီးနိုင်ငံတစ်ခုခုမှာတစ်ကြိမ် မင်္ဂလာဆောင်ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ခင်ပွန်းလောင်း ချစ်သူ Chris Zylka ကတော့ အချစ်ရဲ့သဘောကျဖြစ်စေရမှာပါလို့ ပြောကြားထားပါတယ်။

ရည်ရွယ်ချက်လည်းကြီးတယ်နော်

ချစ်သူနှစ်ဦးကတော့ မင်္ဂလာပွဲအတွက် ကြိုတင်စီစဉ်မှုတွေနဲ့အတူ လာမယ့် နိုဝင်ဘာလမှာ မင်္ဂလာပွဲဆင်နွှဲနိုင်ဖို့ ပြင်ဆင်နေကြပါပြီ။ နောက်ပြီးသူတို့နှစ်ဦးက မင်္ဂလာပွဲပြီးနောက်ပိုင်း သူတို့ရဲ့အနာဂတ်အတွက်တောင် စဉ်းစားထားပါသေးတယ်တဲ့။ သူတို့က ကလေး နှစ်ယောက် (ဒါမှမဟုတ်) သုံးယောက်အထိယူဖို့ စဉ်းစားထားပြီး ကြီးမားတဲ့မိသားစုဘ၀လေးကို ရရှိလိုကြပါတယ်လို့ ဖွင့်ထုတ်ပြောကြားထားတာပါ။

ချစ်တတ်ကြတာလည်း သူတို့အပြင်မရှိဘူး

အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးက Aspen, Colorado ကိုနှစ်ဦးအတူအလည်အပတ်သွားရင်း အသက် ၃၆ နှစ်အရွယ် Paris Hilton ကို သူမရဲ့ချစ်သူ အသက် ၃၂ နှစ်အရွယ် သရုပ်ဆောင် Chris Zylka ကတောင်ထိပ်မှာပဲ လက်ထပ်ခွင့်တောင်းခဲ့တာပါ။ သူမကလည်း ၀မ်းသာကျေနပ်စွာလက်ခံခဲ့ပြီး သူတို့ရဲ့ခရီးစဉ်လေးက ပိုပြီးအသက်ဝင်လှပခဲ့တယ်လို့လည်း ဆိုခဲ့တာပါ။ အခုလည်းစိတ်ကူးတွေနဲ့အတူ မင်္ဂလာပွဲကို ကမ္ဘာအနှံ့သုံးနေရာသွားရောက်ဆင်နွှဲချင်တယ်ဆိုတော့ ချစ်သူလေးက ဘယ်လိုဖြည့်ဆည်းပေးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့နော်။

ref:BRIDES
#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။